Q: ဝတဲ့လူက ပိန်ချင်တယ် ပိန်တဲ့လူက ဝချင်တယ်။ ပိန်တဲ့နည်းတွေ သိပေမဲ့ မလိုက်နာနိုင်ဘူး။ ဘယ်လိုလုပ်ရမလဲ။
A: ဒီအမေးမျိုးက “ဘာဖြေလာမလဲ ဆိုတာတောင် ရိပ်မိနေသူတွေက မေးတာမျိုး” ဖြစ်တတ်တယ်။ မေးကြသူ အရေအတွက်လည်း မရေမတွက်နိုင်အောင် များပါတယ်။
ဒီတော့ ဖြေတဲ့သူကလည်း လူပါး ဝလိုက်ရမှာဘဲ။ “ခေါင်” က စ, ကိုင်မယ်။ “ဒုက္ခ ဆင်းရဲခြင်း၊ အနစ္စ အမြဲမရှိခြင်း၊ အနတ္တ အစိုးမရခြင်း၊” ဆိုတာကို တရားနာသူ မှန်သမျှ၊ တရားစာအုပ်ဖတ်သူ မှန်သမျှ သိကြတယ် မဟုတ်လား။ ကျွန်တော်လဲ ပါတယ်နော်။ ကျွန်တော်တို့မှာ ဘာလို့ တရားမရကြသလဲ ဆိုတော့ သိဒတ္ထမင်းသား ၂၉ နှစ်သားက သိသလို၊ ထင်သလို၊ လုပ်သလို၊ မဟုတ်ကြလို့ဘဲ။
လေးတာကို ပြောပြီးနောက် ခပ်ပေါ့ပေါ့ ပြောပါမယ်။ မလိုက်နာချင်သူမျိုးဟာ လိုက်နာဘို့ လိုလောက်အောင် မဝသေးလို့လဲ ဖြစ်နိုင်တတ်။ “လှလို့ ဝလို့” ဆိုတာလည်း အလွန် နားဝင်ချိုလှတဲ့ နုတ်ခွန်းဆက်ဘဲ မဟုတ်ပါလား။ နောက်မျိုးက “ရချင်တာမရ ဆိုတာလဲ၊ မရှိသေးလို့ဘဲ” နေမှာပေါ့။
ဆရာမတယောက် ရှိတယ်။ သူလဲ နဲနဲဝတယ်။ သူကိုယ်တိုင် ပြောလို့ ပြောတာပါ။ ဝတာထက် သွေးဖိအား များနေတာမို့ ဆေးလဲပေး၊ နည်းလဲညွှန် လုပ်တယ်။ အငန်၊ အဆီ၊ အချို လျော့စား၊ လေ့ကျင်ခန်း များများလုပ် စသဖြင့်ပေါ့။ လိုက် မလုပ်ဖြစ်တာတွေကိုလဲ သူကိုယ်တိုင်ဘဲ၊ ရိုးရိုး သားသား ပြောပါတယ်။ ဒီတော့ “အေးကွာ ဝတဲ့လူတိုင်း အပျိုကြီး မဖြစ်ကြပါဘူး” လို့ ပြောထားလိုက်တယ်။ သူနဲ့ ဖူးစာပါသူကနေ “ဝိတ်လျော့ပါလား” လို့ ပြောလာရင်တော့၊ ဆရာဝန် ချွတ်လို့ မကျွတ်သူ၊ ကျွတ်သွားစရာ ရှိမလားလို့ပေါ့။
ဒီနည်းနဲ့မရ အပျိုကြီးဘဝ နှစ်ခြိုက်နေသူဆိုရင်၊ တမျိုးပြင် သင်ရအုံးမယ်။ “ဒီလူနာက ဝပြီး၊ အဆီများနေလို့ ဒီရောဂါ ဖြစ်တာကွ” ပေါ့။ သွန်သင်တယ်၊ ဆုံးမတယ်၊ ပညာပေးတယ်၊ ဆိုတာမှာ နည်းမျိုးစုံ လုပ်ရတာ။ ချော့တန် ချော့။ ခြောက်တန် ခြောက်။ မြှောက်တန် မြှောက်။ ငေါက်တန် ငေါက်။ ဘုရားက ချွတ်မရသူလည်း ရှိခဲ့သလို၊ ဒီဆရာနဲ့မရ နောက်ဆရာကြမှ ကျွတ်ရသူတွေလဲ ရှိတယ်။ ဒီတော့ နောက်ဆရာ ရေးတာ ရှာဖတ်ပါလေ။
အရပ် 5'-6" (1.675 m) ရှိတဲ့ မိန်းကလေးဟာ အလေးချိန် 58.9 Kg (129.58 Lb) - 63.5 Kg (139.7 Lb) လို့ နိုင်ငံတကာ စံညွှန်းက ဆိုပါတယ်။ 123 Lb ရှိသင့်တယ်လို့ နောက်တနည်းက အဖြေပေးပါတယ်။ ဒီဂဏန်း အားလုံးက အနောက်နိုင်ငံတွေ အတွက်ပါ။ အာရှမှာဆို ဒီထက် နည်းတာတောင် ပုံမှန်ဖြစ်မယ်။
ပိန်ဆေးထဲမှာ လူသုံးများတာကတော့ Sibutramine ဖြစ်တယ်။ အိန္ဒိယမှာတော့ ကုဋေ ၂ဝဝ ကိုယ်အလေးချိန်ကျဆေး ဈေးကွက်ထဲမှာ (Meridia) နာမည်နဲ့ ရောင်းနေပါတယ်။ အမေရိကားနဲ့ ဥရောပမှာတော့ ဒီဆေးကို ရောင်းခွင့် ပိတ်လိုက်ပါပြီ။ နှလုံးရောဂါ ဖြစ်စေနိုင်လို့ပါ။
ကလိုရီများတာတွေ ငါးရက်လောက် လျော့စား၊ တနေ့ကို ငါးမိနစ်လောက် ချွေးထွက်အောင် လေ့ကျင်မှု တခုခုလုပ်ပြီး၊ “ငါပိန်ရမယ်၊ ငါပိန်ရမယ်၊” ဆိုပြီး တနေ့ ငါးခါ ရွတ်ပါ။ ငါးကျပ်သား မဟုတ်ဘူး၊ ငါးပေါင် ကျရမယ်လို့ သန္နိဋ္ဌာန်ချပါခင်ဗျား။
Dr. တင့်ဆွေ
၎-၅-၂ဝ၁ဝ
Oct 19, 2010 at 3:45 PM
အဝလွန်ရင် ကလေး မရဘူးလို့ ပြောကြပါတယ်။ သမီးအရပ်က ၅ ပေ ၁ လက်မကို ကိုယ်ကလေးချိန်က ၁၂၈ နဲ့ ၁၃ဝ ကြားမှာ ရှိပါတယ်။ သမီးအနေနဲ့ ကလေးမရမှာ စိုးရိမ်တဲ့ထဲမှာ သမီး ဝတာလဲ ပါပါတယ်။ အခုတော့ ကျန်းမာရေး အနေနဲ့ တပတ်ကို အနဲ့ဆုံး ၆ နာရီ လောက်ကို အားကစားလုပ်ဖြစ်ပါတယ်။ အဝလွန်ပြီး ကလေး မရနိုင်လောက်တဲ့ အထဲမှာ ပါ-မပါ သိချင်ပါတယ်ဆရာ။
• ဝလွန်းသူများ နှလုံး-သွေးကြော ရောဂါ၊ ဆီးချို နဲ့ သွေးတိုး ဒီ ၃ မျိုးအပြင် Obesity နဲ့ Infertility ဆက်စပ်မှု ရှိတယ်လို့ သုတေသနတိုင်းက လက်ခံတယ်။
• ငယ်ကတည်းက ဝတဲ့မိန်းကလေးတွေ အပျိုဖြစ်စောတယ်၊ ရာသီထိန်တာ ဖြစ်တတ်တယ်။
• ဝတယ်လို့ ဘယ်လို ဆုံးဖြတ်မလဲ။ Height and Weight chart နဲ့ တွက်တာအပြင် Body mass index ဆိုတာ နဲ့လဲ တိကျအောင် တွက်သေးတယ်။ သူ့အလေးချိန်ရဲ့ ၃ဝ% က အဆီဖြစ်နေရင် Obesity လို့ သတ်မှတ်တယ်။
• ၅ ပေ ၁ လက္မ အမျိုးသမီး ဆိုရင် ၁ဝ၅ ပေါင် နဲတယ်၊ ၁၂၂ သင့်တယ်၊ ၁၄ဝ ပေါင်များတယ်။
• အမှန်က ဝရင် Estrogen ဆိုတဲ့ မ-ဟော်မုန်း များနေတယ်။ သူများနေရင် (ဘဲလင့်စ်) မျှခြေပျက်တော့ မျိုးဥအိမ်ကနေ မျိုးဥ ထွက်တာကို အဟန့်အတား ဖြစ်စေတာမို့ ကလေးရမှာကို သက်ရောက်စေတယ်။
• ကိုယ်ဝန်ရပြီး မွေးတဲ့အခါလဲ သူများထက် ခက်သေးပြန်တယ်။
ရေးပြီးသားတခု ထည့်လိုက်ပြန်ပြီ၊ နေကောင်းချင်လို့ မေးပါတယ် စာကြော်ညာတာ ဖတ်ရတယ်လို့ မထင်ပါနဲ့။ စိတ်ပိန်ရင် လူပါ ပိန်နိုင်တယ်။
Dr. တင့်ဆွေ
၁၉-၁ဝ-၂ဝ၁ဝ
2011/6/15
ဆရာရှင့် ကျွန်မ အရင်တုံးက ပေါင် ၁၃ဝ ပါ။ ကလေးမွေးပြီးတော့ ပေါင် ၁၅ဝ ပါ။ ခုထိပေါင်မကျလို့ပါ။ Weight loss ပိန်ချင်သလား ရှာတာမတွေ့လို့ပါ။ ကျေးဇူးပြုပြီး ဖြေပေးပါရှင်။
Rules of Weight Loss ကိုယ်အလေးချိန်ချ ဥပဒေသ
အဆီ တပေါင်ကျအောင် (ကလိုရီ) ၃၅ဝဝ ကို ပိုပြီးကုန်စေအာင် လုပ်ရမယ်။ မလွယ်ဘူးထင်နိုင်တယ်။ လိုတဲ့ခရီးရောက်ဘို့ ခြေတလှမ်းချင်းနဲ့စရတာချည်းဘဲ။ တိကျချင်သူတွေအတွက်ရေးပါမယ်။
၁။ BMR တွက်ပါ။ လူတယောက် အသက်ရှူတာ။ အစာချေတာစတဲ့ မလုပ်မဖြစ်အလုပ်တွေအတွက် လိုအပ်တဲ့ အနည်းဆုံး (ကလိုရီ) ကိုပြောတာပါ။ နေ့တိုင်း ဒါထက်ပိုမစားပါနဲ့။
၂။ ကိုယ်လုပ်နေရတဲ့ အလုပ်မျိုးရဲ့ သဘောသဘာဝကို တပါတ်စာအတွက် ချိန်ဆပါ။ အိပ်နေ၊ ထိုင်နေ၊ လမ်းသွားနေ၊ လေ့ကျင့်ခန်းလုပ်နေ၊ ထမင်းချက်နေ၊ စတာတွေအတွက် သုံးရတဲ့ (ကလိုရီ) တွေချရေး။ ပေါင်းထည့်ပါ။
၃။ ကိုယ်စားနေသမျှ (ကလိုရီ) တွက်ချပါ။ တပါတ်စာစစ်ဆေးကြည့်ပါ။
၎။ BMR ဂဏန်းထဲကို ၂ နဲ့ပေါင်းပြီး၊ ၃ ကို နုတ်လိုက်ပါ။ စားနေတာက ပိုရင် ဝလိမ့်မယ်။ ပြင်ပေတော့။
၅။ Coke သောက်မဲ့အစား ရေတခွက်သာသောက်လိုက်ပါ။ ၉၇ (ကလိုရီ) သက်သာစေတယ်။ ထောပတ်သုတ်မစားဘဲရှောင်တာ တဇွန်းကနေ ၁၈၅ (ကလိုရီ) သသက်သာစေမယ်။ လေကားအတက်အဆင်း ၁ဝ ခါလုပ်တာနဲ့ ၁ဝဝ ကိုကုန်စေမယ်။ ၁ဝ မိန်စအိပ်ရစောထပြီး လမ်းခဏလျှောက်တာ ၁ဝဝ ကုန်စအုံးမယ်။ တီဗွီကြည့်ပြီး ၁ဝ မိနစ် ယောဂလုပ်ရင် ၅ဝ ကုန်စမေယ်။
၆။ လေ့ကျင့်ခန်းက ကိုယ်အလေးချိန်ချဘို့ ဒုတိယအရေးပါတယ်။ အကြမ်းအားဖြင့် တပါတ်ကို မိနစ် ၂၅ဝ လုပ်ရမယ်။ မိနစ် ၅ဝ စီ ၅ ရက်။ စလုပ်တဲ့သူ တပါတ် ၃ ရက်ကနေစနိုင်တယ်။
Dr. တင့်ဆွေ
၁၅-၆-၂ဝ၁၁
Obesity အဝလွန်ခြင်းအတွက် ဆေးများ
Randomized Controlled Trial (RCT) ဆေးကုသနည်းတွေရဲ့ ထိရောက်မှုကို စနစ်တကျ လေ့လာမှုပြုလို့ ထွက်လာတဲ့ ရလဒ်တွေအရ-
1. Diethlyproprion = Trade off မသုံးတော့၊
2. Fluoxetine = Trade off မသုံးတော့၊
3. Maxindol = Trade off မသုံးတော့၊
4. Orlistat = Trade off မသုံးတော့၊
5. Phentermine = Trade off မသုံးတော့၊
6. Sibutramine = Trade off မသုံးတော့၊
7. Sibutramine + Orlistat = Trade off မသုံးတော့၊
8. Dexfenfluramine = Likely to be ieffective or harmful ထိရောက်မှု မသေခြာ သို့မဟုတ် စိတ်မချရ၊
9. Fenfluramine = Likely to be ieffective or harmful ထိရောက်မှု မသေခြာ သို့မဟုတ် စိတ်မချရ၊
10. Fenfluramine + Phentermine = Likely to be ieffective or harmful ထိရောက်မှု မသေခြာ သို့မဟုတ် စိတ်မချရ၊
11. Phenylpropanolamine = Likely to be ieffective or harmful ထိရောက်မှု မသေခြာ သို့မဟုတ် စိတ်မချရ၊
Dr. တင့်ဆွေ
၁၇-၈-၂ဝ၁၁
ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာ ရှိပါက
ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ဖြစ်နေတဲ့ လက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။ လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ အိမ်ထောင်၊ ကလေး ရှိ-မရှိ။ နေတဲ့တိုင်းပြည်။ "လူနာမည်၊ နေရပ်လိပ်စာ အတိအကျ ကိစ္စမရှိပါ။" ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည် သာမက Generic name ဆေးနာမည် ထည့်ရေးပါ။ ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ Facebook ကနေ မေးတာလဲ ပြန်ရှာရတာမလွယ်လို့ အဆင်မပြေပါ။ drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။ ဆေးပညာစာတွေ ဖတ်လိုပါရင် မာတိကာ အောက်ဆုံးမှာ ရှိပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://dts-medicaleducation-adult.blogspot.in/ အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://yamunaclinic.org/ ယမုန်နာ ဆေးခန်း
- http://facebook.com/tint.swe.dr Facebook
ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ဖြစ်နေတဲ့ လက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။ လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ အိမ်ထောင်၊ ကလေး ရှိ-မရှိ။ နေတဲ့တိုင်းပြည်။ "လူနာမည်၊ နေရပ်လိပ်စာ အတိအကျ ကိစ္စမရှိပါ။" ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည် သာမက Generic name ဆေးနာမည် ထည့်ရေးပါ။ ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ Facebook ကနေ မေးတာလဲ ပြန်ရှာရတာမလွယ်လို့ အဆင်မပြေပါ။ drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။ ဆေးပညာစာတွေ ဖတ်လိုပါရင် မာတိကာ အောက်ဆုံးမှာ ရှိပါတယ်။
- http://dts-medicaleducation.
- http://dts-medicaleducation-adult.blogspot.in/ အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများ
- http://yamuna-online-clinic.
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://yamunaclinic.org/ ယမုန်နာ ဆေးခန်း
- http://facebook.com/
