ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

• (ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်

Wednesday, May 16, 2012

Common infections during rainy season မိုးရာသီမှာ ဘာဆင်ခြင်ရမလဲ

မိုးရာသီမှာ ချော်လဲမှုတွေ အဖြစ်များလို့ သတိပေးတာလဲ ကျန်းမာရေး သတိပေးချက် ဖြစ်ပါတယ်။ ဒါလဲရောဂါဘဲ မဟုတ်ပါလား။ အတူတူပါဘဲ လမ်းတွေပျက်ပြီး တောင်ပြိုတာတွေလဲ ရှိတတ်လို့ ကုန်းလမ်း၊ ရေလမ်း၊ လေလမ်း၊ ခရီးသွားသူများ သတိထားပါ။ မိုးလေးဖွဲဖွဲရွာတော့ သတိရစရာတွေလဲ ရှိကြမယ်။ စိတ်ကူးတွေ ကောင်းကောင်း ယဉ်နိုင်ဘို့ရာ ကျန်းမာရေး ကောင်းမှ ဖြစ်ပါမယ်။

ရာသီဥတု ပြောင်းတာနဲ့ လေရဲ့ အပူချိန်နဲ့ စိုထိုင်းမှုလဲ မတူတော့တာ ဖြစ်လာတယ်။ မိုးရာသီ ဝန်းကျင်သစ်မှာ မြူးတူး၊ ပေါက်ပွါးကြမဲ့ ပိုးတွေကလဲ တမျိုးတမျိုး ဖြစ်လာတယ်။ ကူးစက်ရောဂါတွေဟာ အသက်ရှူလမ်းကြောင်း နဲ့ အစာလမ်းကြောင်းတွေကနေ ဝင်လာနိုင်တယ်။ အများဆုံးက Common cold အအေးမိတာ၊ Influenza (Flu) တုပ်ကွေး နဲ့ Upper respiratory tract infections (URTI) အသက်ရှူလမ်း အပေါ်ပိုင်း ကူးစက်ရောဂါတွေ ဖြစ်တယ်။ အသက်ရှူလမ်းကနေဝင်လာနိုင်တာတွေက Droplets အမှုံအမွှားလေးတွေအနေနဲ့ ဝင်တာရယ် ရောဂါရှိနေသူနဲ့ Direct contact တိုက်ရိုက် ထိတွေ့ရာကနေ ဝင်တာရယ်လို့ ရှိတယ်။
• Cold အအေးမိတာနဲ့ (URTI) အသက်ရှူလမ်း အပေါ်ပိုင်း ကူးစက်ရောဂါတွေဟာ ဗိုင်းရပ်စ်ကနေဖြစ်စေတယ်။ မဆိုးကြဘဲ သူ့ဖါသူ ပျောက်သွားနိုင်တယ်။ မဆိုးဘူးဆိုပေမဲ့ Pneumonia နူမိုးနီးယားဖြစ်ရင်တော့ ဆိုးတယ်။
• Flu (Influenza) တုပ်ကွေးကတော့ ဆိုးတတ်တယ်။ ရောဂါလက္ခဏာတွေက အအေးမိတာနဲ့ တူသလောက်ဘဲ။ (ဗိုင်းရပ်စ်) ကနေဖြစ်စေတာလဲ တူတယ်။ အမျိုးအစား (အေ) နဲ့ (ဘီ) ဆိုပြီးရှိတယ်။ Influenza A (H1N1) virus ဆိုတာက အသစ်ပေါ်လာတာ ဖြစ်တယ်။

• မိုးရာသီမှာ တခြား ကူးစက်ရောဂါတွေလဲ သတိထားကြရပါအုံးမယ်။

• Mosquito-borne diseases ခြင်ကနေတဆင့် ကူးစက်တဲ့ရောဂါတွေထဲမှာ Malaria ငှက်ဖျားလဲပါတယ်။
• Dengue Haemorrhagic Fever (DHF) သွေးလွန်တုပ်ကွေးကိုတော့ လူအတော်များများ သတိထားမိကြမှာပါ။ သွေးလွန်တုပ်ကွေး (ဗိုင်းရပ်စ်) ပိုးဟာ ရေသေမှာပေါက်ပွါးတတ်တဲ့ Aedes mosquito အမျိုးအစား ခြင်မကိုက်ရာကနေ ကူးစက်တယ်။ သူ့အလိုလို ပျောက်နိုင်ပေမဲ့ တချို့ သေဆုံးတဲ့အထိ ဆိုးတယ်။
• Chikungunya (ချစ်ကင်း-ဂွန်ညာ) ကို နာမည်တွေ အမျိုးမျိုးနဲ့ ခေါ်ကြတယ်။ ခေတ်မီအောင် “ဆင်ဖြူတော်တုပ်ကွေး” လို့ နာမည်ပေးသင့်တယ်။
• အစာလမ်းကြောင်းတွေကနေ ဝင်လာနိုင်တာတွေကြောင့် Diarrhea ဝမ်းပျက်မယ်၊ အန်မယ်။ (ဗိုင်းရပ်စ်) ကနေ ဖြစ်တာများတယ်။ ဓါတ်ဆာရေနဲ့ ရတယ်။ ပိုးသေဆေး မလိုဘူး။
• ဖြစ်စေတဲ့ပိုးက ဗက်တီးရီးယား ဆိုရင် ပိုဆိုးတယ်။ ဥပမာ တိုက်ဖွိုက်ဖြစ်စေတဲ့ Salmonella နဲ့ ဝမ်းကိုက်စေတဲ့ Shigella ပိုးတွေ ဖြစ်တယ်။ ကိုယ်ပူမယ်။ ပိုးသေဆေး၊ ပဋိဇီဝဆေးလိုတယ်။ ဆိုးဝါးရင် ဆေးရုံတင်ကုသရတယ်။ ဓါတ်ဆားရေ နဲ့ မနိုင်ရင် Drip သွေးပြန်ကြောထဲ ဆေးသွင်းရတယ်။ သွင်းရတဲ့ဆေးကလည်း Ringer Lactate ဓါတ်ဆားရေပါဘဲ။
• အဆိုးဆုံး ကူးစက်ရောဂါတခုကတော့ Vibrio cholerae bacteria ကြောင့်ဖြစ်တဲ့ Cholera ကာလဝမ်းရောဂါ ဖြစ်တယ်။ သေဆုံးတဲ့အထိ ဖြစ်နိုင်သလို လူတွေ အများကြီးကို မြန်မြန်ကြီး ကူးစက်စေနိုင်တယ်။ ဆေးရုံတွေမှာ ကုတင်မလောက်၊ ဆေးမလောက် ဖြစ်စေတယ်။
• Leptospirosis ဆိုတာ တိရစ္ဆာန် အညစ်အကြေးတွေကနေတဆင့် ကူးစက်တယ်။ ကျောက်ကပ်၊ အသဲ၊ ဦးနှောက်မြှေးတွေကို ထိခိုက်မယ်။
• နောက်တမျိုးကတော့ အဖြစ်များလှတဲ့ Hepatitis A အသဲရောင် (အေ) ဗိုင်းရပ်စ် အမျိုးအစားဖြစ်တယ်။ ဖြစ်လာရင် အစားအသောက်ပျက်၊ အန်ချင်၊ မအီမသာဖြစ်၊ ဗိုက်နာ၊ ကိုယ်ပူမယ်။ Jaundice မျက်စိ-ဆီး-အသားတွေ ဝါလာမယ်။
• Fungal infections (ဖန်းဂတ်စ်) မှိုပိုးကနေ ဖြစ်စေတဲ့ Scabies ဝဲ-ယားနာလဲ ရာသီဥတု စွပ်စိုချိန်မှာ ထူပြောနိုင်တယ်။ စိုထိုင်းထိုင်းဖြစ်တာကို ဒီအကောင်ငယ်လေးတွေကကြိုက်တယ်။
• ကလေး-လူကြီး၊ ဟိုကယား၊ ဒီကယားဖြစ်ကြမယ်။ ယားလို့ ကုပ်မိမယ်။ ကုပ်ရာကနေ (ဗက်တီးရီးယား) ဝင်မယ်။ အနာဖြစ်မယ်။ ပြည်တည်မယ်၊ ဒီရာသီပြောင်းခါစ၊ ဆေးရုံ-ဆေးခန်းတွေမှာ အနာခွဲပေးရတာတွေ သိပ်များတယ်။

ဘယ်လိုကာကွယ်မလဲ -
1. ထီး၊ မိုးကာအင်္ကျီ သွားလေရာ ယူဆောင်ပါ။
2. လူစုလူဝေး လူထူထပ်တဲ့နေရာတွေ တတ်နိုင်သလောက် ရှောင်ရှားပါ။
3. ချောင်းဆိုး၊ နှာခြေရာမှာ ဖုံးအုပ်ပြီးလုပ်ပါ။ လက်ကိုင်ပုဝါ၊ (တစ်ရှူး) သုံးပါ. ချောင်းဆိုး၊ နှာချေနေသူ၊ နေမကောင်း ဖြစ်နေသူတွေနဲ့ ထိကပ်တာ ရှောင်ရှားပါ။
4. ရေကို သန့်တာသောက်ပါ။ ရေနွေးကျိုသောက်ပါ။ ရေသန့်ဗူးကရေ သောက်ပါ။
5. ခြင် မပေါက်အောင်၊ ရေသေမထားပါနဲ့၊ ကား-ဆိုင်ကယ်-စက်ဘီး တာယာဟောင်းတွေမှာ ရေရှိမနေပါစေနဲ့။ အိမ်အနီးအနားမှာ ရေအောင်းနေတာ မရှိစေနဲ့။ တချို့ခြင်တွေက ရေသန့်ကိုကြိုက်တယ်။ တချို့ခြင်တွေက ရေပုပ်မှာသာ ပေါက်ဖွါးတယ်။ ခြင်အကိုက် မခံရအောင် လက်ရှည်၊ ခြေရှည်ဝတ်ဆင်ပါ။ ခြင်ထောင်နဲ့သာ အိပ်ပါ။ ခြင်ကာကွယ်ရေး လိမ်းဆေး (ရီပဲလင့်) လိမ်းနေပါ။
6. တကိုယ်ရေသန့်ရှင်းရေး ပိုဂရုစိုက်ပါ။ လက်ကို ဆပ်ပြာနဲ့ ဆေးကြောပါ။ ရေကြီး-ရေလျှံတဲ့နေရာမှာ ရေဆင်းမချိုးနဲ့။ ရေမကူးနဲ့။ ရေချိုးပြီး ခြောက်သွေ့အောင်လုပ်ပါ။
7. မှိုဘေးရန်ကနေ ကာကွယ်အောင် ဆံပင်ရေစိုတာကို ခြောက်သွေ့ပါ။ အဝတ်အစားတွေ ခြောက်တာနဲ့ လဲဝတ်ပါ။ ကိုယ်ကိုလဲ ခြောက်သွေ့စေပါ။ ခေါင်း မကြာခဏလျှော်ပေးပါ။ စိုနေတုံးမှာ ခေါင်းမဖီးပါနဲ့။
8. စားသောက်ဆိုင် သန့်တာရွေးပါ။ လမ်းဘေးဈေးသည်ဆီက အစာတွေကို ရှောင်ပါ။ အစားအသောက်တွေကို (အင်းဆက်) ကောင်တွေ မလာစေအောင် ဖုံးထားပါ။
9. ဗီတာမင် (အေ) ကြွယ်ဝတဲ့ အသီးအနှံတွေ စားပေးပါ။ မုံလာဥဝါ၊ ဟင်းနုနွယ်ရွက်၊ ကန်စွန်းဥ။ ဗီတာမင် (စီ) ကြွယ်ဝတဲ့ အသီးအနှံတွေစားပေးပါ။ ချဉ်တဲ့အရသာရှိတဲ့ အသီးတွေ၊ သံပရာသီး၊ ရှောက်သီး။ Soup စွပ်ပြုတ် အမျိုးမျိုးသောက်ပါ။
10. Influenza တုပ်ကွေး နဲ့ Hepatitis A အသဲရောင် (အေ) ကာကွယ်ဆေးတွေ ထိုးထားပါ။

• Dengue Haemorrhagic Fever (DHF) သွေးလွန်တုပ်ကွေး http://dts-medicaleducation.blogspot.com/2008/12/dengue-haemorrhagic-fever-dhf_26.html
• Chikungunya ဆင်ဖြူတော် တုပ်ကွေး http://dts-medicaleducation.blogspot.com/2010/10/chikungunya.html

Dr. တင့်ဆွေ
၁၆-၅-၂ဝ၁၂