ကျွန်တော်တော့ (မိုဘိုင်းလ်) ခေတ်မှာပေါ်လာတဲ့ SMS တွေကို အတတ်နိုင်ဆုံး ရှောင်တယ်။ အလုပ်ဘယ်လောက် များနေနေ စာလုံး အပြည့်ဖြစ်အောင် ရိုက်ပါတယ်။ Abbreviations အတိုကောက် စာလုံးတွေဆိုတာ အဓိပ္ပါယ်ဖေါ်ရာမှာ လွဲနိုင်တယ်။ မြန်မာပြည်ကနေ ထွက်ပြေးကာစ CEC ဆိုတဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဆိုတာ NLD ပါတီနဲ့ ပတ်သက်ပြီး နေ့တဓူဝ သုံးနေကြစာလုံးမို့ ကိုယ်ကနေ ပြောပြတဲ့အခါ ရောက်တဲ့ နိုင်ငံကလူတွေက CEC ဆိုတာဘာလဲ ပြန်မေးခံရရင် “ဒီလူတွေက ဒါတောင်မသိဘူးလား” လို့ အထင်မှားခဲ့ဘူးတယ်။ အတိုကောက်တွေကို နေရာတခုနဲ့တခု အသုံးပြုတာ မတူကြပါ။ ဆေးပညာမှာလဲ မထူးဘူး။ ARV ကို အရင်က ခွေးရူးပြန် ကာကွယ်ဆေးလို့ သုံးတာကနေ အခု HIV/AIDS ဆေးလို့ သုံးလာတယ်။ IUD ကို အရင်က သားအိမ်ထဲ ကလေးသေဆုံးတာကို သုံးတယ်။ အခု သားအိမ်ထဲ ပစ္စည်းထည့်တာဖြစ်လာတယ်။
ပိုဆိုးတာက မြန်မာစာအသံထွက်အတိုင်း အင်္ဂလိပ်စာလုံးတွေနဲ့ ရိုက်တာဟာ ကိုယ့်စာနဲ့ စကားကို ပျက်စေတယ်။ အဲလို ကဘောက်တိ ကဘောက်ချာ စာတွေကို ဖတ်နေရတာ အချိန်မရဘူး။ ကျွန်တော့် အားနည်းချက်က အဲဒါမျိုးကို မှန်အောင် ဖတ်တတ်တဲ့ အရည်အချင်း မရှိဘူး။ သူငယ်ချင်း အချင်းချင်းတော့ ထားပါတော့။ ဒါလဲ အားမပေးဘူး။ လူနာက ရှေ့မှာတင် ရှိရင် အပြောလွဲတာကို ပြန်ပြင်လို့ ရတယ်။ အခုဟာက စာတင်ရတာ။ တချက်မှ အလွဲမခံနိုင်ပါ။
မြန်မာစာရိုက်နေရင်း ဂဏန်းကြတော့ အင်္ဂလိပ်လို ရိုက်နေကြတာ အများကြီးဘဲ။ အောက်ကမြင့်နေရာမှာ (ဖူးလ်စတော့ပ်) ရိုက်တယ်။ မြန်မာပြည်က ကွန်ပြူတာတွေမှာ (ကီးဘုတ်) ကို တမျိုးတမည် တီထွင်ထားသလား မပြောတတ်ဘူး။ ရှစ်တန်းလောက်ရောက်ရင် မြန်မာစာ၊ အင်္ဂလိပ်စာမှာ (ပန်ကျူယေးရှင်း) အဖြတ်အတောက်၊ ပုဒ်မ၊ ပုဒ်ထီး စတာတွေကို သင်ရမယ် ထင်ပါတယ်။ စာတကြောင်းပြီးလို့ ပုဒ်မပြီးရင် (စပေ့စ်) ခြာပြီးမှ နောက်စာတကြောင်း ရေးရတယ်ဆိုတာ အခြေခံသာ ဖြစ်ပါတယ်။ (ဒေါ့တ်) တွေရိုက်ပြီး ဆက်ရေးတာ အတော်လိုက်ပြင်နေရလို့ အချိန်ကုန်လှတယ်။ ကျန်းမာရေး မေးတာဟာ ရေးဖြေစာမေးပွဲ လုပ်နေတာ မဟုတ်တာ မှန်ပါတယ်။ ဒါပေမဲ့ သတ်ပုံလွဲတာ၊ သဒ္ဒါ မမှန်တာ။ အသံထွက် တက်တက်စင် မှားတာတွေ မကြာမကြာ ဖတ်နေရတော့ ပြောချင်လာတယ်။ ကုပေးချင်စိတ် ပေါ်လာလို့။
အဆင့်စာလုံးတွေကို ကွန်ပြူတာမှာ ရိုက်ရတာ တော်တော့လူအတွက် ခက်တာကိုလဲ နားလည်ပေးနိုင်ပါတယ်။ “မန္တလေး” ကို အဆင့်ရှာဘို့ ကြာနေလဲ “မန်းတလေး” လို့ ရိုက်တာကမှ တော်ပါသေးတယ်။ “မန်းလေး” တဲ့။ လူထုဒေါ်အမာ ဘယ်လောက် နားခါးသွားရှာမလဲ။ အပျက်အပျက်နဲ့ နှာခေါင်းသွေးထွက်တော့မယ်။ သူငယ်ချင်းကို “သယ်ရင်း” လို့ ရေးနေကြပြန်တယ်။ ပြောတာရော၊ ရေးတာပါ မလုပ်သင့်ကြပါ။ ဆရာအောင်ဝေးလဲ သယ်ရင်းမြတ်ခိုင်လို့ ရေးရမလို။
မေးခွန်းအတော်များများ ကျား-မ မသိလို့၊ အသက်မသိလို့ ပြန်မေးတဲ့အခါ ပြန်စာ မလာကြပါ။ ကိုယ့်ရောဂါအတွက် အလေးမထားသူတွေ ရှိနိုင်သလို မြန်မာပြည်မှာ (အင်တာနက်) မကောင်းတဲ့ နေရာကနေ ရေးကြရတာမို့ ဆိုတာလည်း နားလည်နိုင်ပါတယ်။ (အင်တာနက်) ဆိုင်မှာ လာလုပ်ရသူတွေအတွက် ဆေးပညာစာတွေ ပြန်ပို့တဲ့အခါ စာကရှည်နေ၊ များနေရင် အခက်အခဲ ရှိကြမှာပေါ့။ (ပရင့်) ထုတ်ဘို့လဲ ခက်ကြမှာဘဲ။ အပြစ်တင်မစောဘို့ မိဘတွေ၊ ဆရာတွေက သင်ပေးကြတယ် မဟုတ်လား။
ဆေးခန်းလေးမှာ ပညာသင်ပေးရင်း မှားတာ၊ လွဲတာလေးတွေရှိရင် ထောက်ပြရတာကို လူအများရှေ့မှာ အပြစ်တင် ခံရသူအဖို့ ရှက်မှာပါ။ အမြဲတမ်း “ဆရာ စာသင်ရင် ရီစရာ၊ မောစရာလေးတွေ ထည့်ချင်လို့ ပြောတာနော်။ ကဲရဲ့ချင်လို့ မဟုတ်ဘူး” ဆိုတာ လူသစ်လာတိုင်း ပြောဘို့ မမေ့ပါ။ ဆေးခန်းမှာသာ မဟုတ်ပါ။ မေးသူတွေ ရေးလာတာထဲမှာလဲ ရီစရာလေးတွေ ပါတတ်တယ်။ တလောက “ကျွန်တော့် မိန်းမတယောက်” လို့ရေးတယ်။ တယောက်မက ရှိသူလားလို့ ပြန်မေးချင်တာ။ ပြုံးစရာလဲဟုတ်သလို အိမ်ထောင်ဖက်များသူတွေမယ် ကျန်းမာရေးဘက်မှာလဲ ပိုဂရုထားစရာတွေပါ ရှိသေးတာကိုး။
“စာရေးရင် ဖတ်တဲ့သူနားလည်ဘို့က ပိုအရေးကြီးတယ်” လို့ လျှောက်လဲချက်မျိုး ကြားလာရတယ်။ ကျွန်တော်တော့ သဘောမတူပါ။ ဆိုပါစို့ လုံခြုံအောင်တော့ ဝတ်ထားပါရဲ့ အင်္ကျီကြယ်သီး အထက်အောက် လွဲတပ်ထားသလိုနဲ့ တူမနေဘူးလား။ ဆရာဝန်တွေဆိုတာ ဘေးထွက်-ဆိုးကျိုးကို အမြဲကြည့်ကြရပါတယ်။
ကျွန်တော့် လူနာတွေက တော်သေးတယ်။ သီချင်းဆိုတာ၊ ရေဒီယိုမှာလာတဲ့ အသံတွေမှာလဲ တိုင်းရင်းသားမို့ မပီသတာ နားလည်ပါတယ်။ ရွှေဗမာများလဲ စ နဲ့ ဆ လွဲတယ်။ က သတ်နဲ့ တ သတ်၊ မကွဲကြပါ။ ခပ်ဝဲဝဲ၊ ခပ်ချွဲချွဲ စကားဆိုတာ နှစ်ကိုယ်ကြားတော့ ပြောချင်ပြောပေါ့၊ အများကြားဘို့ ပြောကြရတာ မဟုတ်ပါ။ ကိုယ့်စာ၊ ကိုယ့်စကားကို ကိုယ်တိုင် ဖျက်နေကြလို့ ဆရာဝန် မကုနိုင်တဲ့ရောဂါ ဖြစ်နေတာ စိတ်မကောင်းပါခင်ဗျား။
| နောက်အကြိန်များတွင်လဲ | နောက်အကြိမ်များတွင်လဲ | အသက်ကတော့ 30 ရှိပြီ | အသက်ကတော့ ၃ဝ ရှိပြီ | မိန်း မရော. ခလေး ပါ. | မိန်းမရော၊ ကလေးပါ၊ | သိချင်ဒါက | သိချင်တာက | အတူ2နေပြီးရင် | အတူတူနေပြီးရင် | တီဗွီရောဂါ | တီဘီရောဂါ | အစိုးဆုံးပါ | အဆိုးဆုံးပါ | အနီးဆက်စုံး | အနီးစပ်ဆုံး | ကွန်ဒွန်၊ ကွန်ဒို | ကွန်ဒွမ် | ဌက်နှစ်ကောင်တံဆိပ် | ငှက်နှစ်ကောင်တံဆိပ် | သမီး ခလေးအရမ်း လိုချင်ပေမဲ့ | သမီး ကလေးအရမ်း လိုချင်ပေမဲ့ | ဂရုဏာ တရားတွေကို | ကရုဏာ တရားတွေကို |
| လိပ်ဂေါင်းရောဂါ | လိပ်ခေါင်းရောဂါ |
| ဖျားပြီးတော.ချောင်းဆိုးချွဲကျပ် | ဖျားပြီးတော့ ချောင်းဆိုးချွဲကြပ် |
| ကျွန်တော် မန်းလေးက | ကျွန်တော် မန္တလေးက |
| ဟိုဟာမလာတာလည်း | ရာသီ/ဓမ္မတာ မလာတာလည်း |
| ဆ၇ာဝန်နဲ့ ဘဲပြကြိလိုက်တော့ | ဆရာဝန်နဲ့ဘဲ ပြကြည့်လိုက်တော့ |
| အ၇က်ကဒေါ့ | အရက်ကတော့ |
| ဖြစ်ခါစ | ဖြစ်ကာစ |
| အရေပြား ဆက်ဆက်မူ အပိုင်းမှာ | အရေပြား ဆက်စပ်မူ အပိုင်းမှာ |
| မျှားနှင့်ကဒ် | မြားနှင့်ကဒ် |
| စမ်းပီးပါပြီ | စမ်းပြီးပါပြီ | စအုံနဲ့ | စအိုနဲ့ |
| တုတ်ရည်ထွက်နိုင်ပါသလား | သုက်ရည်ထွက်နိုင်ပါသလား | စာရေးပီးမေးပါရစေ | စာရေးပြီး မေးပါရစေ | မ၇ှိုဘူးစိုဆ၇ာ | မရှိဘူးဆိုဆရာ | 5မိနစ်လောက် | ၅ မိနစ်လောက် | ဆက်စံတဲ့အခါ၅မီးနစ်၁၀မီးဆို | ဆက်ဆံတဲ့အခါ ၅ မိနစ် ၁ဝ မိနစ်ဆို | ၁ ၇က် | ၁ ရက် | အနာသဏ္ဍာန် | အနာသဏ္ဌာန် | ပိုပြီးအစဉ်ပြေနိုင်မယ်လို့ထင်ပါတယ်။ | ပိုပြီးအဆင်ပြေနိုင်မယ်လို့ ထင်ပါတယ်။ | ပျော်စေပြတ်စေသဘောနဲ့ | ပျော်စေပျက်စေသဘောနဲ့ | အနာဂါတ် | အနာဂတ် | ဒါဏ်ရာ | ဒဏ်ရာ | မခန်မရပ် နိုင်အောင်နာကျဉ်လေ့ရှိပါတယ် | မခံမရပ်နိုင်အောင် နာကျင်လေ့ရှိပါတယ် | အရန်းကျေးဇူးတင်ပါတယ်ရှင်။ | အရမ်းကျေးဇူးတင်ပါတယ်ရှင်။ | သယ်ရင်းတွေကပြောပါတယ် | သူငယ်ချင်းတွေက ပြောပါတယ် | အရှေ့အလယ်ပိုင်းပြဿနာပါ | အရှေ့အလယ်ပိုင်းဒေသတွေမှာ အလုပ်လုပ်နေသူလားလို့ အထင်မှားစေတယ်။ | အန္ဒရယ်ရနိုင်သလား | အန္တရာယ်ရှိနိုင်သလား | ဆရာ့စီကနေလည်းသိချင်လို့ပါ။ | ဆရာ့ဆီကနေလည်း သိချင်လို့ပါ။ | သွားထက်မစိုက်ဖြစ်ဘူး | သွားထပ်မစိုက်ဖြစ်ဘူး | ပြသာနာ | ပြဿနာ | တဝက်တပြတ်လောက်မှာ | တဝက်တပျက်လောက်မှာ |
| မျက်စီးကိုက်တတ်တဲ့ရောဂါဖြစ်နေပါတယ် မျက်စီးကိုက်ရင်ခေါင်းပါ ကိုက်ပါတယ်တဲ့။ | မျက်စိကိုက်တတ်တဲ့ရောဂါဖြစ်နေပါတယ်၊ မျက်စိကိုက်ရင် ခေါင်းပါ ကိုက်ပါတယ်တဲ့။ |
| အခုထိသွေးစင်းနေတာ | အခုထိသွေးဆင်းနေတာ |
| ကိုယ်ဝင် 3 လ | ကိုယ်ဝန် ၃ လ |
| စောင်ရန်ရှောင်ရန်တွေ | ဆောင်ရန်ရှောင်ရန်တွေ |
| ဘေးထွက်ဆိုးကြိုးမရှိကြောင်း | ဘေးထွက်ဆိုးကျိုး မရှိကြောင်း |
| ကိုယ်ထဲမှာဆွဲစုပ်နေသလို | ကိုယ်ထဲမှာ ဆွဲဆုတ်နေသလို |
| ရားလဲမရား နာလဲမနာဘူးတဲ့ | ယားလဲမယား နာလဲမနာဘူးတဲ့ |
| နာလဗိန်းတုံမို့ပါ | နလပိန်းတုံးမို့ပါ |
| လေယုန်ပေါက်ရင် | ရေယုန်ပေါက်ရင် |
| ငွေကျေးလဲ မတတ်နိုင်ပါဘူး | ငွေကြေးလဲ မတတ်နိုင်ပါဘူး |
| ယောင်္ကျားက | ယောက်ျားက |
| ကူးမယ်စို၇င် | ကူးမယ်ဆိုရင် |
| မ၇ှိုဘူးစိုဆ၇ာ။ | မရှိဘူးဆိုဆရာ။ |
| ယားတာတော့ပြောက်ပြီ | ယားတာတော့ပျောက်ပြီ |
သူများအိမ်ခေါင်မိုး ကြည့်ပြောချင်သူဟာ ကိုယ့်တံစက်မြိတ်ကိုလဲ သိရတယ်။ ကျွန်တော်လဲ ကိုယ်ရေးထားတောတွေကို ပြန်ပြန်စစ်ပြီး ပြင်နေရသူသာဖြစ်ပါတယ်။
ဒေါက်တာတင့်ဆွေ
၂၁-၈-၂ဝ၁၂
