ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာ အတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည် သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာ မေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook Comment မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

• (ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://dts-medicaleducation-adult.blogspot.in/ အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်

Sunday, December 2, 2012

Burns မီးလောင်ဒဏ်ရာ

ဒီဆေးစာကိုရေးရတာ ခေတ်မီတယ်ပြောကြမလား၊ အခုမှဘဲရေးရသလား ပြောကြမလား။ နောက်တော့ မကျတန်ရာပါဘူး။ နောက်ထပ် မီးလောင်စရာဗုံး မသုံးဘူးလို့ မပြောဘူးမဟုတ်လား။

မီးလောင်ရင် အရေပြားကို အများဆုံးထိတယ်။ အရေပြားဆိုတာ အရည်တွေနဲ့ အပူချိန်ထိန်းညှိရာမှာ အလွန်တရာ အရေးပါတယ်။ မီးလောင်လို့ ပျက်စီးသွာတဲ့ အရေပြားဧရိယာ များရင်များသလို ဒီအလုပ်တွေ ထိခိုက်တော့မယ်။ နောက်ပြီး လူတွေဟာ ဗက်တီးရီးယား၊ ဗိုင်းရပ်စ်တွေကြားမှာ သွားလာလှုတ်ရှားနေကြရပေမဲ့ အရေပြားကနေ ဒီလိုရောဂါပိုးမွှားတွေရဲ့ ရန်ကနေ ကာကွယ်ပေးနေတာမို့ မီးလောင်ထားသူတွေဟာ အကာကွယ်မဲ့ဖြစ်လာတော့တယ်။

လူ့အရေပြားခန္ခာဗေဒက ရှုတ်ထွေးတယ်။ (၃) ထပ်ခွဲပြီးလေ့လာရတယ်။
(၁) Epidermis (အပီဒါးမစ်) အပြင်ဆုံးလွှာ
(၂) Dermis (ဒါးမစ်) အလယ်လွှာ၊ (ကိုလာဂျင်)၊ ဆွဲဆန့်နိုင်စွမ်းရှိတဲ့ (ဖိုင်ဘာ) တွေ၊ အာရုံကြောတွေ၊ သွေးကြောတွေ နဲ့ ချွေးထွက် (ဂလင်း) တွေရှိတယ်။
(၃) Hypodermis (ဟိုက်ပိုဒါးဒမစ်) အောက်ဆုံးလွှာကို Subcutaneous tissue လို့လဲခေါ်တယ်။ ပိုပြီးကြီးတဲ့ သွေးကြောတွေ၊ အာရုံကြောတွေ ရှိတယ်။ ဒီအလွှာက ကိုယ်အပးချိန်ထိန်းဘို့ အရေးအကြီးဆုံးဖြစ်တယ်။

မီးလောင်ဒဏ်ရာ ဘယ်လောက်ဆိုးသလဲဆိုတာ (၁) ဘယ်နေရာမှာ လောင်သလဲ၊ (၂) ဘယ်လောက် နက်သလဲ နဲ့ (၂) ဘယ်လောက် ဧရိယာကျယ်သလဲ ဆိုတာတွေအပေါ် မူတည်တယ်။ အတန်းအစားခွဲရင် ဘယ်လောက်နက်သလဲကို ကြည့်ပြီးခွဲတယ်။

(၁) ပဌမဒီဂရီ = အပေါ်ယံသာမီးလောင်ခံရတယ်။ အရေပြားရောင်ရမ်းတာဖြစ်နေမယ်။ နေလောင်တာမျိုးနဲ့ တူတယ်။ နာမယ်၊ နီရဲမယ်၊ နဲနဲရောင်မယ်။ ထိရင်သိသိသာသာနာမယ်။
(၂) ဒုတိယဒီဂရီ = နဲနဲနက်တဲ့နေရာအထိ မီးသင့်တယ်။ နာတာပိုမယ်၊ ပိုနီရဲမယ်၊ ပိုရောင်မယ်။ အပူဖူးတွေပေါက်မယ်။
(၃) တတိယဒီဂရီ = နက်တယ်။ အရေပြားတခုလုံး မီးလောင်သွားမယ်။ (ဆဲလ်) တွေ၊ (တစ်ရှူး) တွေ သေသွားပြီ။ အာရုံကြောတွေရော သွေးကြောတွေပါ ထိခိုက်ပျက်စီးတယ်။ နာတာကို မသိတော့ဘူး။ သားရေပြားလိုဖြစ်သွားတယ်။ အပူဖူးမပေါက်နိုင်တော့ဘူး။

ဒဏ်ရာအတိမ်အနက်သာမကာ နေရာကျယ်တာကလဲ အတော်ကြီးအရေးကြီးတယ်။ ရာခိုင်နှုန်းနဲ့ အကဲဖြတ်တယ်။ ဆရာဝန်တွေက Rrule of nines နဝဥပဒေသ ကိုသုံးတယ်။ ကလေးငယ်တွေဆိုရင်တော့ ဂဏန်းပြင်ဘို့လိုတယ်။
ဦးခေါင်း ရှေ့ + နောက် = ၉%၊
ရင်ခေါင်း ရှေ့ = ၉%၊
ရင်ခေါင်း နောက် = ၉%၊
ဝမ်းဗိုက် ရှေ့ = ၉%၊
ဝမ်းဗိုက် နောက် = ၉%၊
ဘယ်ပေါင် ရှေ့ + နောက် = ၉%၊
ညာပေါင် ရှေ့ + နောက် = ၉%၊
ဘယ်လက် = ၉%၊
ညာလက် = ၉%၊
ဘယ်ခြေ = ၉%၊
ညာခြေ = ၉%၊
လိင်အင်္ဂါ = ၁%၊
စုစုပေါင်း = ၁ဝဝ%။

မီးလောင်ဒဏ်ရာဟာ ဖြစ်တဲ့အတိုင်း တန့်နေတာမျိုးမဟုတ်ဘဲ ဆက်ဖြစ်နိုင်တယ်။ ဥပမာ မီးလောင်တုံးက ပဌမဒီဂရီပေမဲ့ နာရီအတော်ကြာရင် ဒုတိယဒီဂရီဖြစ်လာတာမျိုး ရှိနိုင်တယ်။ ဒီဂရီက ဘာဖြစ်နေနေ အနာနေရာမှာ ရောင်ရမ်းဖြစ်စဉ် နဲ့ အရည်အောင်းခြင်းက ဖြစ်တယ်။ နောက်တခု လူတွေအတွက် ကိုယ့်ကိုယ်ကိုခုခံရေးရဲ့ ပဌမစည်းဟာ အရေပြားဘဲ။ ဒီစည်းပျက်တော့ ပိုးတွေ ဝင်လာတော့မယ်။ အရေပြား ၃ လွှာမှာ အပေါ်ဆုံးလွှာကနေသာ အသစ်ဖြစ်ခြင်း ဖြစ်စဉ် လုပ်နိုင်တယ်။ အောက်လွှာ နှစ်ခုက အသစ်ပြန်မဖြစ်လို့ ရာသက်ပန် ပျက်စီးတာ့တယ်။ အမာရွတ်သာဖြစ်မယ်။ တစ်ရှူးတွေအသစ်နဲ့ အစားမထိုးနိုင်ဘူး။

ဘယ်နေရာမှာ မီးလောင်ခံရတယ်ဆိုတာ အရေးပါတယ်။ မျက်နှာ၊ နှာခေါင်း၊ ပါးစပ်၊ လည်ပင်းနေရာတွေမှာဖြစ်ရင် အသက်ရှူတာကို ထိခိုက်နိုင်တယ်။ ရင်ပတ်နေရာလောင်တာကျယ်ရင် အသက်ရှူရာမှာလှုတ်ရှားရတဲ့နေရာတွေ အလုပ်မလုပ်နိုင် ဖြစ်နိုင်တယ်။ ခြေ၊ လက်၊ လက်ချောင်း၊ ခြေချောင်းတွေမှာ ပတ်ပတ်လည်မီးလောင်ခံရရင် သွေးမလျှောက်နိုင်တာ ဖြစ်နိုင်တယ်။ ကွေးရ-ဆန့်ရတဲ့နေရာမှာဖြစ်ရင် အထူးကုသမှု လိုမယ်။ ကြာရင် တွယ်ဆက်မှုကြောင့် ပုံပန်းမဟုတ်တာ၊ ကွေးဆန့်မရတာ၊ အရုပ်ဆိုးတာတွေဖြစ်နိုင်တယ်။

မီးလောင်တယ်လို့ ခြုံပြောတဲ့ဝေဒနာတွေထဲမှာ အမျိုးမျိုးဖြစ်နိုင်တယ်။ Flames မီးတောက်၊ Scalds အပူရည် (ထမင်းရည်၊ ရေနွေးဆူဆူ)၊ Electricity လျှပ်စစ်၊ Chemicals ဓါတုဆေးရည်၊ Flash burns ဓါတ်ငွေ့ပေါက်ကွဲခြင်း (သဘာဝဓါတ်ငွေ့၊ ပရိုပိန်း၊ ဓါတ်ဆီ၊ ရေနံဆီ)၊ Contact burns အပူတိုက်ရိုက်ထိခြင်း (သံပူ၊ မီးသွေးရဲရဲ၊ ပလပ်စတစ်ပူ၊ မှန်ပူ)။

လျှပ်စစ်လောင်ခြင်းက ဆိုးတယ်။ အလွယ်နဲ့မမြင်နိုင်တာ သတိထားရတယ်။ ဓါတ်လိုက်ရာကနေ လျှပ်စစ်စီးနိုင်တာတလျှောက် လိုက်စီးသွားတယ်။ အာရုံကြောတွေ၊ ကြွက်သားတွေက ဝိုင်ယာကြိုးတွေလိုဘဲ။ သွေးထဲကိုပါ လျှပ်စစ်ဓါတ်ရောက်တယ်။

Chemical burns ဓါတုရည်လောင်ခြင်းဆိုရင် အဲဒီဆေးရည်ရဲ့ pH or acidity အက်စစ်ဓါတ်အခြေအနေကိုကြည့်ရမယ်။ အက်စစ်ဆိုတာ pH 7 ထက်နည်းတယ်။ ဥပမာ အိမ်သုံးအက်စစ်တွေ Acetic acid, Hydrochloric acid နဲ့ Sulfuric acid ဖြစ်တယ်။ Bases or alkali (အယ်လ်ကာလီ) ဆိုတာ pH 7 ထက်များတယ်။ ဥပမာ Ammonia (အမိုးနီးယား)။

First aid for burns မီးလောင်ဒဏ်ရာ ရှေးဦီးသူနာပြုခြင်း
• လူနာကို မီးလောင်ရာကနေ ဖယ်ရှားပါ။ ကယ်ဆယ်သူလဲ မီးလောင်မခံရအောင် ဂရုစိုက်ပါ။ လူနာရဲ့ မီးစွဲလောင်နေတဲ့ အဝတ်အစားတွေ ဖယ်ရှားပါ။
• လူနာကိုနွေးထွေးသွားအောင်လုပ်ပေးပါ။ ငြိမ်နေပါစေ။
• ဒဏ်ရာနေရာကို သန့်တဲ့အဝတ်စတွေနဲ့ ဖုံးအုပ်ပေးပါ။ လူနာပေါ်ကို ရေအေးလောင်းမချပါနဲ့။ ကိုယ်ပူချိန် သိပ်ကျသွားမယ်။
• ဒဏ်ရာရတဲ့နေရာတွေကို ရေခပ်နွေးနွေးလေးနဲ့ သန့်စင်ပေးပါ။ ထောပတ်သုံးကြတာကို အားမပေးပါ။
• လက်စွပ်၊ ဆွဲကြိုးလို ကြပ်စေနိုင်တဲ့ လက်ဝတ်လက်စားတွေ ချွတ်ပေးပါ။ နောင်မှာ ရောင်လာလို့ ချွတ်မရ ဖြစ်လာမယ်။
• ဒဏ်ရာနေရာတွေကို Antibiotic ointment ပိုးသေဆေး (Bacitracin or Neosporin) လိမ်းပေးပါ။ မီးလောင်ဒဏ်ရာကြီးရင် နက်ရင်၊ ဆိုးရင်၊ ဆေးရုံ၊ ဆရာဝန် အကူအညီယူပါ။
• မျက်စိနေရာ ဓါတုဆေးရည်လောင်ရင် အရေးပေါ်ကူသမှုလိုတယ်။

ဆရာဝန်တွေက ဘယ်လိုဆက်ကုသမလဲ
ဆရာဝန်တွေဆီရောက်ရင် မြင်နေရတဲ့မီးလောင်ဒဏ်ရာကို အဓိကမထားသေးဘဲ အသက်ရှူစနစ်၊ သွေးလှည့်စနစ်တွေကို ဦးစားပေးရတယ်။ (ရှော့ခ်) ရနေသလားကြည့်မယ်။ ကိုယ်ခန္ဓာအသက်ရှင်မှုအတွက် ပင်မစနစ်တွေဆီ သွေးအရောက် နည်းလာရင် (ရှော့ခ်) ရနိုင်တယ်။ မီးလောင်ခံရတဲ့ဧရိယာကျယ်ရင် (ရှော့ခ်) ဆိုးတယ်။ အသက်ရှူပြဿနာ၊ အခိုးအငွေ့ ရှူတာတွေကလဲ ပိုဆိုးစေတယ်။

သတိထားပြီး စစ်ဆေးကုသရမှာတွေကတော့ Fluid loss အရည်ဆုံးရှုံးခြင်း Infection ပိုးဝင်ခြင်း၊ Coagulation necrosis (ဆဲလ်) တွေသေခြင်း၊ Hyponatremia (ဆိုဒီယမ်) နည်းခြင်း၊ Hyperkalemia (ပိုတက်ဆီယမ်) များခြင်း၊ Heat loss အပူဆုံးခြင်း၊ Anaemia သွေးအားနည်းခြင်းတွေဖြစ်တယ်။

Fluid loss အရည်ဆုံးရှုံးခြင်း
Parkland formula ဆိုတာကို အမေရီးကား ဒါးလပ်စ်ဆေးရုံက သုံးတယ်။ 4cc/ kg of weight/% burn = ပဌမ ၂၄ နာရီမှာ အရည်ဖြည့်ပေးဘို့လိုအပ်ချက်၊ ဒီအထဲက တဝက်ကို ပဌမ ၈ နာရီမှာ ပေးပါ။ ၁၅-၂ဝ% အထိမီးလောင်ရင် သေခြာပေါက် အရည်ဆုံးရှုံးခြင်း သိသိသာသာခံစားရတော့မယ်။ လုံလောက်အောင် ဖြည့်မပေးနိုင်ရင် Shock (ရှော့ခ်) ရနိုင်တယ်။ သွေးရည်ကြည်နဲ့ ရေ + ဓါတ်ဆားတွေလိုနိုင်တယ်။ မီးလောင်တိုင်း Plasma (ပလာစမာ) သွေးရည်ကြည် ကုန်ဆုံးမှုဖြစ်တယ်။ ၆ဝ% မီးလောင်ထားသူကနေ တနေ့မှာ ၇ လီတာ ကုန်ဆုံးတယ်။ Protein loss (ပရိုတင်း) ဆုံးရှုံးခြင်း။ တနေ့မှာ 60-90g ကုန်တယ်။ အဲဒီထဲမှာ Leucocytes သွေးဖြူဥ ဆုံးတာက ဆိုးတယ်။

Wound care အနာကိုကုသခြင်း
မီးလောင်တာကို ဒုတိယကမ္ဘာစစ်တွင်းကတည်းက Sulphanilamide (ဆာလ်ဖါ)၊ Penicillin (ပနယ်စလင်) နဲ့ Plasma (ပလာစမာ) တွေနဲ့ ကုသအောင်နိုင်ခဲ့တယ်။ Tetanus immunization မေးခိုင်ကာကွယ်ဆေးလိုနိုင်တယ်။

အနာကို တပတ်မှာ ၁ ခါ၊ ၂ ခါ ဆေးနဲ့သန့်ရှင်းပေးမယ်၊ ပြီးရင် Topical antibiotic ပိုးသေဆေးလိမ်းပြီး ပတ္တီးနဲ့ ဖုံးအုပ်ထားမယ်။ Paraffin-impregnated gauze (ပါရဖင်) ပါတဲ့ ပိတ်ကျဲစကပိုကောင်းတယ်။ အနာကိုပြန်ခွါတဲ့အခါ ကပ်မနေဘူး။ See-through dressings ဖေါက်မြင်နိုင်တဲ့ဆေးထည့်နည်းက ပိုကောင်းသေးတယ်။ ဈေးတော့ကြီးမယ်။ တချို့ မီးလောင်ဒဏ်ရာတွေက အကျယ်ကြီးမို့ ပတ္တီဖုံးဘို့ မလွယ်တာနဲ့ ပြန်ဖြည်ရင်နာမှာ၊ အုပ်ထားတုံး ပိုးဝင်မှာ စိုးရတယ်။ အဲလိုဆိုရင် အနာတွေကို ပိုးဆေးသာလိမ်းပြီး၊ ပတ္တီးမစည်းဘဲ ခြင်ထောင်နဲ့ ထားရတယ်။ အမှန်က ယင်ကောင် မလာအောင်ဖြစ်တယ်။

Sepsis ပိုးဝင်တာဟာ ရန်သူဝင်လာတာဘဲ။ ပဋိဗီဝဆေးကို ပါးစပ်ကဖြစ်ဖြစ် သွေးကြောထဲကဖြစ်ဖြစ် ပေးရမယ်။ ဆေးရုံ အခြေအနေကလဲ ပိုးဝင်နိုင်တယ်။ လူနာလာကြည့်သူတွေဆီကလဲ ဝင်နိုင်မယ်။ ဆေးသွင်းရာကနေလဲ ဝင်နိုင်တယ်။ အနာကို ဆေးထည့်တိုင်း နာမယ်။ လူနာကိုနေရာရွေ့တာကအစ နာမယ်။ ဆေးတွေက သက်သာရုံသာတတ်နိုင်တယ်။

Mental tauma စိတ်ထိခိုက်ခြင်း
ငြိမ်ဆေး၊ အိပ်ဆေးတွေလဲ လိုနိုင်တယ်။ စိတ်လှုတ်ရှားမှုတွေလဲ ရှိနေမယ်။ ဒေါသလဲ ထွက်နေမယ်။ Behaviour changes အမူအယာပြောင်းတာမျိုးလဲဖြစ်နိုင်တယ်။ Delirium စိတ်ကယောက်ကယက် ဖြစ်တာ၊ Seizure တက်တာလဲ ဖြစ်တယ်။ Depression စိတ်ဓါတ်ကျဖြစ်နိုင်တယ်။ တချို့မှာ Suicidal behavior ကိုယ့်ကိုယ်ကို သတ်သေချင်စိတ်အထိဖြစ်နိုင်တယ်။

“ကိုမင်းကိုနိုင် = ဦးဇင်းဘုရား ဘယ်လိုခံစားနေရပါလဲ။”
“ဦးဇင်း = ကျုပ်ဘယ်လိုခံစားနေရလဲဆိုတော့ ဒကာကြီး ကျုပ်အမြန်ဆုံးသေချင်တာပဲ ဆက်မခံစားချင်တော့ဘူး။”

Nutrition အစာအာဟာရ
မီးလောင်လူနာတွေဟာ နေကောင်းတုံးကထက် (ကယ်လိုရီ) ၂ ဆ ကနေ ၂ ဆခွဲလိုမယ်။ လူပိန်ကျမသွားအောင်နဲ့ အနာ ကျက်တာအတွက် ပိုလိုတာဖြစ်တယ်။ ရေ-အရည် ပိုလိုမယ်။ (ပရိုတင်း) ပိုလိုမယ်။

Mobility လှုတ်ရှားသွားလာမှု
မီးလောင်ထားသူကို အိပ်ယာမှာဘဲ မလှုတ်မယှက် အကြာကြီး မထားရပါ။ သူလှုတ်ရှားနိုင်လာတာနဲ့ စပြီးလှုတ်ရှားပါစေ။ ဟိုဘက်-ဒီဘက်စောင်းတာ၊ လှည့်တာ၊ ထိုင်တာ၊ ရပ်တာ၊ ထိုင်စားသောက်တာ၊ သွားတိုက်တာ။ Physical therapy (ဖီဇီကယ်ရာပီ) လိုရင်လုပ်ပေးပါ။ သက်တော့င်သက်သာရှိမှု လုပ်ပေးသင့်တယ်။ ချမ်းနေတာ၊ ညောင်းနေတာ။ အနာတွေ အသားနုတက်တာနဲ့ ယားတာ။

Healing အနာကျက်ခြင်း
အရေပြား တစိတ်တပိုင်းသာ မီးလောင်တာက ၃ ပတ်နေရင် ပျောက်မယ်။ အရေပြား ၃ လွှာလုံး လောင်ရင် ၄ ပတ် အနည်းဆုံး အချိန်ယူမယ်။ Hypertrophic scarring ပျောက်ဘို့ ၂ ပတ်အထိအချိန်ယူတဲ့ အနာဒဏ်ရာတွေဟာ အမာရွတ်ထူထဲနိုင်တယ်။ Skin grafts အရေပြားအစားထိုးခြင်း ဒုတိယဒီဂရီနဲ့ တတိယဒီဂရီမီးလောင်သူတွေမှာ လိုချင်လိုမယ်။ Scars and contractures အမာရွတ်နဲ့ ပုံသဏ္ဍာန်ပြောင်းခြင်းဖြစ်ရင် နောက်ပိုင်းမှာ အထူး ခွဲစိတ်ကုသတာ ခံယူရတယ်။ Bone damage အရိုးထိခိုက်ခြင်း။ မီးလောင်ဒဏ်ရာဆိုးသူတွေထဲက ၂-၅% အရိုးကိုပါ ထိခိုက်တယ်။ ကလေးတွေမှာ ပိုဆိုးတယ်။

မီးလောင်ပြီး အသက်သေဆုံးရသူတွေထဲက ၈ဝ-၈၅% ဟာ ပိုးဝင်လို့ဖြစ်ရတယ်။ ကျောက်ကပ် အလုပ်မလုပ်နိုင်လို့လဲ သေဆုံးနိုင်တယ်။

Severe Burn Treatment ဆိုးဝါးတဲ့ မီးလောင်နာ http://dts-medicaleducation.blogspot.in/2012/12/severe-burn-treatment.html

ဒေါက်တာတင့်ဆွေ
၂-၁၂-၂ဝ၁၂

အန်တီ မြတ်။ ဆရာ အရေးပြားတွေကုသမှုနဲ့ပတ်သက်လို့ သက်သာနိုင်ကြပါ့မလား ဆရာ။ အရေပြားလှိုက်စားတာတွေ ဘာတွေရှေ့ဆက်ဖြစ်နိင်သေးသလား ဆရာ။ ဘယ်လိုနည်းနဲ့ကုရင် သက်သာပျောက်ကင်းနိုင်မလဲ ဆရာ။

DTS: အရေပြားလှိုက်စားတယ်ဆိုတာ အရပ်ပြောပေါ့။ ဖြစ်နိုင်တာက အရေပြားမဲနေရင် သွေးမလျှောက်တော့လို့ သေသွားပြီ။ အဲဒါတွေကို လှီးထုတ်ရှင်းပြစ်ရတယ်။ သူ့အောက်မှာ ပိုးဝင်လို့ အကျိအချွဲ၊ မန်းရည်တွေ ပြည်တွေရှိနေမယ်။ ဒါတွေကို သန့်ထုတ်ဆေးကြောရမယ်။ မဟုတ်ရင် ဆက်ပြန့်မယ်။ ဘေးကိုရော အထက်အောက်ပါပြန့်မှာ။ အထက်မှာက မရှိတော့လို့ အောက်ဘက်ဆီ ကူးစက်မယ်။ လုပ်ပေးရမှာက မကောင်းတော့တာတွေ ဖယ်ထုတ်ရှင်းလင်း၊ ဆေးထည့်၊ ပိုးသေဆေးပေး၊ အနာကျက်အောင်အားပေးတာတွေ လုပ်ဘို့ဖြစ်ပါတယ်။

Nan wrote: "သံဃာတော်တွေအတွက် စိုးရိမ်မိပါတယ်။ ကျွန်မမောင်ဝမ်းကွဲလေးတစ်ယောက် သင်္ဘောပေါ်မှာ မီးလောင်တုန်းက ရဟတ်ယာဉ်ပေါ်ကို လမ်းလျှောက်ပြီး သူ့ဘာသာသူ တက်သွားတယ်။ သိပ်မစိုးရိမ်ရလို့ မလေးရှားဆေးရုံမှာပဲထားတယ်။ နောက် စင်္ကာပူဆေးရုံ ပြောင်းရတယ်။ အသက်အန္တရာယ်မစိုးရိမ်ရဘူးလို့ မျှော်လင့်ထားပေမယ့် နောက်ဆုံး ပိုးဝင်ပြီး သေသွားခဲ့တယ်။ ဒါကြောင့် အခုဆရာပြောသလို ကျွန်မမောင်ဝမ်းကွဲလေးလို ဖြစ်မှာ စိုးရိမ်မိနေတယ်။"